ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ အခြေစိုက်သော ခြေလျင်တပ်ရင်း အရေအတွက်သည် (၁၉၈၈) ခုနှစ်တွင် (၃) ရင်းသာ ရှိရာမှ (၂ဝဝ၆) ခုနှစ်တွင် (၄၃) ရင်းအထိ ရှိလာခဲ့သည်။ ထို့အပြင် နောက်ထပ်၍ အထူးပြုတပ်ရင်း (၁ဝ)ရင်း (အင်ဂျင်နီယာတပ်ရင်းများနှင့် ဆက်သွယ်ရေးတပ်ရင်း များ)၊ နည်းဗျူဟာ ဌာနချုပ် (၃) ခုနှင့် ရေတပ်အခြေစိုက်စခန်း (၃) ခုတို့လည်း ရှိနေသေးသည်။ ရခိုင်ပြည်နယ်၏ အမ်းမြို့ မှာ ဌာနချုပ် ဖွင့်ထားသော အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးက ပြည်နယ်တွင်းရှိ အမြတ်အစွန်းကောင်းကောင်းရသော စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ထားသည်။ အကြောင်းမှာ လုပ်ငန်းလုပ်ခွင့် လိုင်စင်နှင့် စာချုပ်စာတမ်းများအတွက် ၎င်း၏ ခွင့်ပြုချက်ကို ယူရသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြားသော နယ်မြေဒေသများမှာကဲ့သို့ပင် ရခိုင်ပြည်နယ်မှာလည်း စစ်တန်းလျားများ၊ ကင်းစခန်းများနှင့် အခြားသော စစ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်းနှင့် မြေသိမ်းယူခြင်း များ ပိုမိုများပြားလာခဲ့သည်။ တိုင်းရင်းသားပြည်သူများထံမှ အနိုင်ကျင့် ငွေတောင်းခြင်း၊ တိုင်းရင်းသား အမျိုးသမီးများအား အကြမ်းဖက်ခြင်းများလည်း ပို၍အဖြစ်များလာခဲ့သည်။
လျော်ကြေးမပေးဘဲ မြေယာသိမ်းယူမှုများသည် ရခိုင်ပြည်နယ်မှာ ရိုးနေသော ကိစ္စဖြစ်သည်။ အထူးသဖြင့်၊ မြန်မာအစိုးရ နှင့် နိုင်ငံခြားကုမ္ပဏီများက ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကောင်အထည်ဖေါ်နေသော နေရာများမှာ ဖြစ်ပွားတတ် သည်။ ရခိုင်ပြည်နယ်မှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ကုလားတန်မြစ် စီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအများအပြားကို အကောင်အထည်ဖေါ်လျှက်ရှိသည်။ ဤစီမံကိန်းများကြောင့် မြေယာသိမ်းယူမှု များနှင့် အတင်းအဓမ္မနေရာ ရွှေ့ပြောင်းခိုင်းမှုများ ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ပြည်နယ်များတွင် စစ်တပ်များကို တိုးချဲ့နေရာချထားမှုများ ဖြစ်ပွားနေသရွေ့၊ လျော်ကြေးမပေးဘဲ မြေယာသိမ်းယူမှုများ ဆက်လက်ဖြစ်ပွား နေမည်သာဖြစ်သည်။ သိမ်းယူလိုက်သောမြေယာများကို စစ်တန်းလျားများ၊ ကင်းစခန်းများ၊ စစ်သင်တန်းများအတွက် သင်တန်းကွင်းဆောက်လုပ်ရန် နေရာများအဖြစ် အသုံးပြုသည်။ ထို့အပြင် စစ်သားများအတွက် ရိက္ခာထောက်ပံ့ရန်နှင့် အပိုဝင်ငွေရှာရန်အတွက် လုပ်ငန်းသုံးအသိမ်းခံရသော မြေယာမြေအများအပြားလည်းရှိသေးသည်။
အစိုးရ၏ စစ်တပ်တိုးချဲ့ချထားရေး ပေါ်လစီကြောင့် တိုင်းရင်းသားလူမျိုးများကျေးရွာအများအပြားတွင် မိမိတို့၏ အိုးအိမ်များကို စွန့်လွှတ်ကြပြီး၊ ထွက်ပြေးနေကြရဆဲ ဖြစ်သည်။ ကျန်ရစ်ခဲ့သူများမှာလည်း မိမိတို့၏ စိုက်ပျိုးမြေများနှင့် မသင့်လျော်သော သီးနှံများကို မစိုက်မနေရ စိုက်ပျိုးရခြင်းနှင့်၊ မသင့်လျော်သော စိုက်ပျိုးနည်းများကို မသုံးမနေရ သုံးနေရသောကြောင့် မိမိတို့၏ မိရိုးဖလာ လယ်ယာဓလေ့များကို စွန့်လွှတ်နေကြရသည်။
Please consider supporting our efforts.
02 September 2012 - 7796 Views
02 September 2012 - 4947 Views