ရခိုင်ပြည်နယ် တစ်ဝှမ်းတွင် မြေပြင်အနေအထား အမျိုးမျိုးနှင့် ဂေဟစနစ် အမျိုးမျိုး စုံလင်ထွေပြားသည်။ ရခိုင်ရိုးမ တောင် တန်းပေါ်ရှိ တောများမှနေ၍ ကုလားတန်နှင့် လေးမြို့မြစ်များး၏ မြစ်ဝများအထိ မြေတစ်ကြောတွင် နယ်မြေဒေသ၏ တမူ ထူးခြားသော သဘာဝပေါက်ပင်နှင့် သတ္တဝါများကို ကြွယ်ဝစုံလင်စွာ တွေ့နိုင်သည်။ မကြာသေးခင်နှစ်များအတွင်းမှာ ရခိုင် ပြည်နယ်၏ အဖိုးတန် သဘာဝအရင်းအမြစ်များကို အစိုးရက စီးပွားဖြစ် ထုတ်ယူနေခြင်းကြောင့် မျိုးစိတ်အများအပြား ပျာက်ကွယ်သွားမည်ဟု ခြိမ်းခြောက်ခံနေရခြင်းသည် ဝမ်းနည်းဖွယ်ပင် ဖြစ်သည်။
အသိသာအထင်ရှားဆုံးသော ထိခိုက်ပျက်စီးမှုဖြစ်လွယ်သည့်နေရာများမှာ မြစ်များပင်ဖြစ်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ လေးမြို့မြစ်နှင့် ကုလားတန်မြစ်များမှာ ဖြစ်ပွားခဲ့သည်။ ဤမြစ်များသည် ငါးမျိုးစိတ် ထောင်ပေါင်းများစွာတို့၏ ရှင်သန်ပေါက်ပွားရာ နေရာဖြစ်သည်။ ဤငါးမျိုးစိတ်များအနက် အများအပြားကို လေ့လာခြင်း မပြုရသေးချေ။ ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့၏ မြစ်ဝများကို ကမ္ဘာ့မြေသြဇာအကောင်းဆုံး မြေပြန့်လွင်ပြင်များအနက် တစ်ခုဖြစ်သော မြေပြန့်လွင်ပြင်က ဝန်းရံထားသည်။ ဤမြေပြန့်လွင်ပြင်ဒေသသည် ကျောက်တော်မြို့မှ စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ (၃, ၆၄ဝ) နီးပါးမျှ ကျယ်ဝန်းပြီး၊ စပါးစိုက်ပျိုးရေးအတွက် အကောင်းဆုံးနေရာ ဖြစ်သည်။ ရခိုင်ပြည်နယ်မှ လယ်ယာစိုက်ပျိုးသောမြေ အားလုံး၏ ၈၅% ကျော်သည် ဤမြစ်များ၏ မြစ်ဝှမ်းများတစ်လျှောက်မှာ တည်ရှိနေခြင်း ဖြစ်သည်။
မကြာသေးခင်နှစ်များအတွင်းမှာ ရခိုင်ပြည်နယ်၏ မြစ်များကို စီးပွားရေးအတွက် အသုံးချရန် စီမံကိန်း အများအပြားကို ရေး ဆွဲပြီး တစ်ချို့ကို အကောင်အထည်ဖော်ဆော်နေပြီဖြစ်သည်။ ဤစီမံကိန်းများသည် အစိုးရအတွက် ဝင်ငွေရရှိ စေသော်လည်း၊ သဘာဝပတ်ဝန်းကျင်ကို အလွန်အမင်း ပျက်စီးဆုံးပါးစေနိုင်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ဖြစ်ပွားစေမည်ဖြစ်သည်။ ဤစီမံကိန်းများအနက် အရေးပါဆုံး စီမံကိန်းများမှာ ကုလားတန်မြစ်စီမံကိန်း၊ လေးမြို့မြစ် ရေအားလျှပ်စစ်ဆည်၊ တရုတ်ပြည်သို့ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံ တင်ပို့မည့် ပိုက်လိုင်း စီမကိန်းတို့ ဖြစ်သည်။
ဤစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖေါ်ပါက ပြင်းထန်သော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားမည် ဖြစ်သည်။ အကြောင်းမှာ စစ်အစိုးရ တစ်လျှောက်လုံးတွင် ဂေဟစနစ်များ၊ ဇီဝမျိုးများ စုံလင်ထွေပြားသည့် အရေးကြီးသော မျိုးစိတ်များ၏ ဝင်ထွက်သွားလာရာ လမ်းကြောင်းတို့နှင့် ပတ်သက်၍ လုံးဝ လျစ်လျူရှုသော မူဝါဒများကို ကျင့်သုံးလာခဲ့သောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ပျက်စီးလွယ်သော ဂေဟစနစ်မှာ အသေးအဖွဲ ပြောင်းလဲမှုက ပင်လျှင် ကြိုတင်မှန်းဆကြည့်၍ မမြင်နိုင်သော ပြောင်းလဲမှုများကို ကွင်းဆက်သဖွယ် တသီတစ်တန်းကြီး ဖြစ်ပွားစေနိုင်ပြီး၊ ကျေးရွာလူထုများ အလျင်မမှီနိုင်လောက်အောင်ပင် မိမိတို့၏ နေထိုင်မှုဘဝပုံစံများကို မဖြစ်မနေပြောင်းလဲကြရမည် ဖြစ်သည်။ ဤသို့ဖြင့် မှီအောင်လိုက်၍ မပြောင်းလဲနိုင်သူများအဖို့ အငတ်ဘေးနှင့်၊ ရောဂါဘယဘေးများလည်း သင့်နိုင်သည့်အပြင် အောက်ပါအကျိုးအဆက်များကိုလည်း ဖြစ်ပွားစေနိုင်သည်။
• ကုလားတန်မြစ် စီမံကိန်း၏ ရိုက်ခတ်သက်ရောက်နိုင်မှုများ
၁) ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝရှိ ဒီရေရောက်တောများနှင့် ပုဇွန်မွေးမြူရေးကန်များ ပျက်စီးစေနိုင်ခြင်း။
၂) ရခိုင်မြစ်ကြောင်း ကွန်ရက်တစ်ခွင်လုံးရှိ ဒေသခံလူထုများ အဓိကစားသောက်နေမှုများတွင် ပါဝင်နေ သော ပင်လယ်သတ္တ၀ါ မျိုးစိတ်အမြောက်အမြား မျိုးတုံးသွားနိုင်ခြင်း။
၃) မြစ်ကြောင်းလမ်းပြုပြင်ခြင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝ- မီဇိုရမ်သွား အဝေးပြေးလမ်းမကြီး ဖောက်လုပ်မှုတို့ကြောင့် သစ်တောများ ပြုန်းတီးခြင်း။
• လေးမြို့မြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရိုက်ခတ်သက်ရောက်နိုင်မှုများ
၁) ပင်လယ် သမုဒ္ဒရာနှင့် သားပေါက်ရာ နေရာများသို့ ငါးမျိုးစိတ်များ သွားလာရာ လမ်းကြောင်း ပိတ်ဆို့သွားခြင်း၊ ထိုမှနေ၍ ငါးအရေအတွက် လျော့ကျသွားခြင်းနှင့် နောက်ဆုံး၌ ငါးမျိုးများ တုံးသွားခြင်း။
၂) မြစ်ရေစီးကြောင်းများပြောင်းလဲသွားမှုကြောင့် သဘာဝ ခိုလှုံရာနေရာများ ယိုယွင်းပျက်စီးခြင်း၊ အောက်စီဂျင် ပါဝင်မှု ပမာဏ လျော့နည်းသွားခြင်း၊ မလိုအပ်သော ပေါင်းပင်များနှင့် ရေညှိရေမှော်ပင်များ အဆမတန်ဖြစ်ပေါ်လာခြင်း။
၃) အသစ်တည်ဆောက်လိုက်သော ရေလှောင်ကန်ထဲတွင် သစ်ပင်ကြီး၊ သစ်ပင်ငယ်များ ပုပ်ရိဆွေးမြည့်ပြီး၊ ဖန်လုံအိမ်ဓာတ် ငွေ့များကို အလုံးအရင်း ထုတ်လွှတ်စေခြင်း။
ရေမြုပ်ခြင်း - စီမံကိန်းရေးဆွဲမှု ညံ့ဖျင်းခြင်းကြောင့် အတိတ်ကာလက ယခင်အလားတူ စီမံကိန်းလုပ်ငန်းက မိုးရာသီတွင် လူနေအိမ် ထောင်ပေါင်းမျာစွာတို့ကို ရေမြုပ်ပျက်စီးစေခြင်း။
ရခိုင်ပြည်နယ်သည် ရှေးဟောင်း သစ်မာတောများ အများအပြားတည်ရှိရာ နေရာဖြစ်သည်။ ဤသစ်တော အတော်များများသည် ရခိုင်ရိုးမတောင်တန်းပေါ်တွင် တည်ရှိနေသည်။ ဤတောများသည် ဆင်၊ ကျား၊ ကြံ့၊ အောက်ချင်းငှက်နှင့် ရခိုင်တောလိပ် မျိုးစိပ် အမျိုးမျိုးကဲ့သို့သော မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ရှိနေသော တောရိုင်း တိရိစ္ဆာန်အများအပြား (နောက်ဆုံး ၂ မျိုးသည် မျိုးတုံးပျောက်ကွယ်လုနီးနီး ဖြစ်နေသည်) ခိုအောင်းကျက်စားရာ နေရာ ဖြစ်သည်။
မြန်မာစစ်အစိုးရက ဤသစ်တောများမှာ သစ်ထုတ်လုပ်ခွင့်ကို နိုင်ငံခြားတိုင်းပြည်များနှင့် စီးပွားရေးလုပ်ငန်းများသို့ ရောင်း ချခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့ သစ်ခုတ်မှုများကြောင့် နယ်မြေဒေသမှာ သဘာဝ ပတ်ဝန်းကျင်၏ ထိခိုက်ရိုက်ခတ်ချက်များ တသီတတန်းကြီး ဖြစ်ပွားခဲ့သည်။ သစ်တောများထဲ့သို့ ဝင်ရောက်သစ်ခုတ်ခြင်းကြောင့် တောရိုင်း တိရစ္ဆာန် အတော်များများတို့၏ ခိုလှုံရာနေရာများ၊ သဘာဝပတ်ဝန်းကျင်အနေအထားများ ပျက်စီးကုန်ပြီး၊ ထိုမှနေ၍ ၎င်းတို့ သေကြေပျက်စီး ကုန်ကြရသည်။ ဤတောရိုင်းတိရစ္ဆာန် အတော်များများကို နိုင်ငံတကာက မျိုးတုံးပျောက်ကွယ် တော့မည့် အန္တရာယ်ရှိသော တိရစ္ဆာန်များဖြစ် အသိအမှတ်ပြုထားသည်။ မြေပြင်အနေအထား ရုတ်ချည်းပြောင်းလဲမှု ကြောင့် ကျေးလက်တောရွာ ဒေသများမှာ အများအပြား ထိခိုက်သွားခဲ့ရသည်။ သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ရေကြီးမှုများ၊ မကြာခဏဖြစ်ပွားကာ ကောက်ပဲသီးနှံစိုက်ခင်းများနှင့် အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးပါး ကြရသည်။ အဆိုးဆုံး အခြေအနေများ၌ လယ်ယာ၊ အိုးအိမ်တို့ကိုစွန့်ခွာ၍ သွားရခြင်းပင် ဖြစ်သည်။ အခြားနေရာ ဒေသများ၌မူ တောတောင်များနှင့် သစ်တောများပြုန်းတီးခြင်းကြောင့် ကာလတာရှည်စွာ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပွားလေ့ ရှိသည်။
ရွှေ ဓာတ်ငွေနှင့် ရေနံပိုက်လိုင်း စီမံကိန်းများ၏ ရိုက်ခတ်သက်ရောက်မှုများ
• သဘာဝပတ်ဝန်းကျင် ရှင်သန်မှုနှင့် ဇီဝမျိုးစုံလင် ထွေပြားမှုကို ထိခိုက်ပျက်စီးစေခြင်း
တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့နှင့် ပတ်သက်၍ အများပြည်သူတို့၏လယ်ယာ မြေများ ဆုံးရှု့းနေရသည့်အပြင် နိုင်ငံစီးပွားရေးကိုလည်း အလွဲလွဲ အချော်ချော် စီမံအုပ်ချုပ်နေခြင်းကြောင့် လူသားလုံခြုံမှု ပြဿနာများနှင့် အရေးကြီးသော သဘာဝပတ်ဝန်းကျင် ပြဿနာများလည်း ရှိနေသည်။
ရေနံတင်သင်္ဘောလမ်းကြောင်းမှလည်းကောင်း၊ ရေနံရှာဖွေခြင်းနှင့် တူးဖေါ်ခြင်းတို့မှနေ၍လည်းကောင်း ရေနံယိုဖိတ်ခြင်း တို့ကြောင့် ဖြစ်ပွားသော ပင်လယ်ရေညစ်ညမ်းမှုသည် ရခိုင်ကမ်းရိုးတန်း၏ ဂေဟစနစ်အပါဝင် ဘင်္ဂလားပင်လယ်အော်ရှိ အဏ္ဏဝါ အရင်းအမြစ်များနှင့် ရေသတ္တဝါတို့ ခိုလှုံရာနေရာများကို ခြိမ်းခြောက်နေသည်။ ပင်လယ်အော်၏ ငါးဖမ်းကွက်ထဲတွင် ရေသတ္တဝါ သန်း (၄ဝဝ) နီးပါးခန့်သည် အသက်ရှင်ရေးအတွက် ညံ့ဖျင်းသော အခြေအနေမှာ၊ သို့မဟုတ် ဤအခြေအနေထက် နိမ့်သောအဆင့်မှာ အသက်ရှင်နေကြရတော့မည် ဖြစ်သည်။ ဤနယ်မြေဒေသ၏ ကမ်းနီးနှင့် ကမ်းလွန်ပင်လယ်ရေတို့က ပင်လယ်အော်နှင့် ထိစပ်နေသော ဒေသများအတွက် လူမှုစီးပွားရေးအရ အရေးပါသော ငါးဖမ်းလုပ်ငန်းများကို ဖြည့်ဆည်းပေးနေသည်။ ထို့အပြင် လူဦးရေ (၂) သန်း ကျော်ရှိသော ရေလုပ်သားများကိုလည်း တိုက်ရိုက်အားဖြင့် အလုပ်ပေးနေသည့် အဏ္ဏ၀ါပြင်ကြီး ဖြစ်သည်။
သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုတို့နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္ဒရာယ် အများအပြားရှိသည်။ သဘာဝဓာတ်ငွေ့တူးဖေါ်ရာတွင် အသုံးပြုသော ဓါတုဗေဒပစ္စည်းများ ယိုဖိတ်ခြင်း၊ အခန့်မသင့်လျှင် ဓာတ်ငွေ့ပေါက်ကွဲခြင်းတို့ အပါအဝင်ဖြစ်သည်။ တူးထုတ်ရာ၌ ဖြစ်ပေါ်လာသော အညစ်အကြေးများသည် ပျံ့နှံ့လွယ်သော အော်ဂဲနစ် ဓာတ်ပေါင်းများပါရှိပြီး၊ ၎င်းတို့သည် ပင်လယ်ရေအောက်ကြမ်းပြင်သို့ ရောက်သည့်အခါ ရေနှင့် အောက်ခြေ အနည်အနှစ်များထဲမှ အောက်စီဂျင်ဓာတ်ကို ပျက်ပြယ်စေသည်။ အကျိုးဆက်ကား ပင်လယ်ရေအောက် ကြမ်းပြင်ပေါ်ရှိ သန္တာကျောက်များ အပါအဝင်၊ သက်ရှိများ အလုံးအရင်းလိုက် သေကြေပျက်စီးစေခြင်းကို ဖြစ်စေသည်။ သဘာဝဓာတ်ငွေ့ ရှာရာမှနေ၍ ဖြစ်ပွားလာသော အဆိပ်ဆားရည်များကိုလည်း ကမ်းနီးမှာသော်လည်းကောင်း၊ ကမ်းလွန်မှာ သော်လည်းကောင်း စွန့်ပစ်လေ့ရှိသည်။
• ဒီရေရောက် လမုတောများကို ပျက်စီးစေခြင်း
ဒီရေရောက် လမုတောများသည် ဆိုက်ကလုံး မုန်တိုင်းများ၊ မုန်တိုင်းနှင့် အတူပါလာသောလှိုင်းများနှင့် ဒီလှိုင်းများကို ခုခံပေးသော အရေးကြီးသည့် သဘာဝ အရံအတားတစ်မျိုး ဖြစ်သည်။ (၂ဝဝ၄) ခုနှစ် အာရှ ဆူနာမီရေလှိုင်း၊ (၂ဝဝ၈) ခုနှစ် မြန်မာနိုင်ငံ၏ နာဂစ်မုန်တိုင်းနှင့် (၂ဝ၁၀) ခုနှစ် ဂီရိမုန်တိုင်းတို့ ဖြစ်ပွားပြီးနောက်ပိုင်းတွင် လမုတောများ ပျက်စီး ခြင်း၏ ဘေးအန္တရာယ်များကို ကမ္ဘာက နာနာကြင်ကြင် သိရှိလာခဲ့ကြသည်။ မြန်မာ့ကမ်းရိုးတန်း လမုတောများ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ်ရှိ လမုတောများသည် မုတ်သုန်မုန်တိုင်းဒဏ်ကို ကာကွယ်ရေးအတွက် အရေးပါသည်။ ယခုအချိန်အထိ ဧက (၆ဝ, ဝဝဝ) ရှိသော ဤနယ်မြေသည် ပုဇွန်မွေးမြူရေးကန်များတူးခြင်း၊ ထင်းခုတ်ခြင်း၊ ကမ်းနီးရှာဖွေရေးအကွက်တွင် ရေနံရှာဖွေရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း တို့ကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။ လမုတောများကိုဖြတ်လျှက် ပိုက်လိုင်းတည်ဆောက်ခြင်းကြောင့် ပျက်စီးမှုများ ပိုများလာစေမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ပြည်သူများအဖို့ ဆိုက်ကလုံး မုန်တိုင်းများနှင့်အတူ ပါလာသော လှိုင်းများ၏ဒဏ်ကို ပို၍ခံရဖွယ်ရှိသည်။ ရေနံတင်သင်္ဘော လမ်းကြောင်းနှင့် ရေနံသိုလှောင်ရုံများပါသော ကျောက်ဖြူရေနံတင် သင်္ဘောဆိပ်မှ အညစ်အကြေးများ ယိုဖိတ်ကျခြင်း၊ သို့မဟုတ် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခြင်းတို့ ဖြစ်ပွားပါက လမုတောများ၊ ရေသတ္တဝါများနှင့် တောရိုင်းတိရစ္ဆာန်များမှာ ဘေးအန္တရယ် ကြုံတွေ့လာရတော့မည် ဖြစ်သည်။
• မျိုးတုံးပျောက်ကွယ်ရန် အန္တရာယ်ရှိနေသော တစ်တီတူးငှက်များ (Spoon-billed sandpipers)
ရခိုင် လမုတောများသည် ဇီဝမျိုး စုံလင်ထွေပြားသော ရခိုင်ရွှံ့ညွံတောများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ မျိုးတုံးပျောက် ကွယ်တော့မည့် တစ်တီတူးငှက်များ၏ နောက်ဆုံးလက်ကျန် ဆောင်းရာသီ စားကျက်လည်းဖြစ်သည်။ (၂ဝဝ၈) ခုနှစ်အတွင်း၊ ရခိုင်ကမ်းရိုးတန်းနှင့်ပတ်သက်၍ ပထမအအကြိမ် လေ့လာမှုပြုလုပ်ခဲ့သော နိုင်ငံတကာသုတေသန အဖွဲ့တစ်ဖွဲ့က ဒေသတွင်း၌ရှိသော ငှက် (၈၄) မျိုးအပြင် ပိန်ညင်းငှက် (Indian Skimmers)နှင့် ဦးခေါင်းနီ ကြိုးကြာငှက်များ (Sarus Cranes) ကဲ့သို့သော ကမ္ဘာပေါ်မှာ မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ရှိနေသော အခြားငှက်မျိုးစိတ်များကိုလည်း တွေ့ရှိခဲ့သည်။ ကမ်းရိုးတန်း ဇုန်နယ်မြေများသည် လောလောဆယ်မှာ အလွန်ရှင်သန်နေ သော ဂေဟစနစ်များ ဖြစ်သည်ဟုလည်း လေ့လာရေးအဖွဲ့က မှတ်ချက်ချသွားခဲ့သည်။ သို့ရာတွင် ဤအနေအထားအားလုံး သည် မကြာမီမှာ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ အကြောင်းမှာ ဤနယ်မြေကို ရေနံအတင်အချဆိပ်ကမ်းနှင့် ရေနံသို လှောင်ရုံ၊ ဗဟိုထိန်းချုပ်ရေးဌာန (Central processing platform)၊ ကမ်းနီး ရေနံသိုလှောင်ရုံနှင့် နိုင်ငံဖြတ်ကျော် ပိုက် လိုင်းများ တည်ဆောက်ရေးအတွက် ရွေးချယ်ထားသောကြောင့် ဖြစ်သည်။ ကမ်းရိုးတန်း သင်္ဘောဆိပ်မှာ တစ်နေ့လျှင် ရေနံစည်ပေါင်း (၄၄၂, ဝဝဝ) ကို တင်ချမည် ဖြစ်သည်။ နိုင်ငံတကာ ငှက်စောင့်ရှောက်ရေးအဖွဲ့ (BirdLife International) မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက တစ်တီတူးငှက်များကို မျိုးတုံးပျောက်ကွယ်ခြင်းမှ ကယ်တင်ဖို့ရန် ၎င်းတို့၏ ပေါက်ပွားရာနေရာ ဒေသများကိုသာမက နေရာရွှေ့ပြောင်းသွားလာရင်း နားခိုသော နေရာဒေသများနှင့် ဆောင်းရာသီစားကျက်များကိုပါ ဖေါ်ထုတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း ပြုရန်လိုသည်ဟု ပြောပြခဲ့သည်။ သို့ရာတွင် ဤသို့ကယ်တင်နိုင်သည့်အဖြစ်သို့ ရောက်နိုင်တော့မည် မဟုတ်ချေ။ အကြောင်းမှာ အရေအတွက် မည်မျှရှိမှန်းမသိရသော မျိုးစိတ်များ၏ ခိုလှုံရာနေရာများသည် လောက်လောက်လားလား မလေ့လာရသေးမီမှာပင် ပျက်စီးသွားနိုင်သောကြောင့် ပင်ဖြစ်သည်။
Please consider supporting our efforts.
02 September 2012 - 7797 Views
02 September 2012 - 4947 Views