The Arakan Human Rights and Development Organisation (AHRDO) is a non-profit, independent organisation formed on October 9, 2011. AHRDO is open for membership to all Arakanese people, regardless of their sex, colour, religion, or political affiliation, and works for the common good of the entire Arakanese population.
No.3, 4th Floor, Tha Yak Taw Street, San Chaung Township, Yangon
Yangon
Yangon
Myanmar
Phone: +959 3615 5434 Phone: +959 4931 1108
Mon, November 20, 2017

Language: English Burmese

ရခိုင်ပြည် သမိုင်းအကျဉ်း

Print

အချုပ်အခြာအာဏာပိုင် ရခိုင်ဘုရင့်နိုင်ငံတော်
(ဘီစီ- ၃၃၂၅ မှ အေဒီ- ၁၇၈၄)

ပထမ ဓည၀တီခေတ် (ဘီစီ- ၃၃၂၅ မှ ဘီစီ-၁၅၀၇)
ဒုတိယ ဓည၀တီခေတ် (ဘီစီ- ၁၅၀၇ မှ ဘီစီ- ၅၈၀)
တတိယ ဓည၀တီခေတ် (ဘီစီ- ၅၈၀ မှ အေဒီ- ၃၂၆)

ဝေသာလီ ကျောက်လှေကားခေတ် (အေဒီ- ၃၂၇ မှ အေဒီ ၈၁၈)

လေးမြို့ခေတ် (အေဒီ- ၈၁၈ မှ ၁၄၃၀)
- ပဉ္စာမြို့ (အေဒီ ၈၁၈ မှ အေဒီ- ၁၁၀၃)
- ပထမပရိန်မြို့ (အေဒီ- ၁၁၀၃ မှ အေဒီ- ၁၁၂၃)
- ဒုတိယပရိန်မြို့ (အေဒီ- ၁၁၂၃ မှ အေဒီ- ၁၂၅၀)
- လောင်းကြက်မြို့ (အေဒီ- ၁၂၅၀ မှ အေဒီ- ၁၄၀၄)

အင်းဝဘုရင် မင်းခေါင် သိမ်းပိုက်၍ ရခိုင်ဘုရင် မင်းစောမွန် အနောက်ဘင်္ဂလားပြည် သူရတန်ဘုရင်ထံ ခိုလှုံစဉ်ကာလ (အေဒီ- ၁၄၀၄ မှ အေဒီ ၁၄၂၉)

မြောက်ဦးခေတ် (အေဒီ- ၁၄၃၀ မှ အေဒီ- ၁၇၈၄)
- ပထမမြောက်ဦးခေတ် (အေဒီ- ၁၄၃၀ မှ အေဒီ ၁၅၃၁)
- ဒုတိယမြောက်ဦးခေတ် (အေဒီ- ၁၅၃၁ မှ အေဒီ ၁၆၃၈)
- တတိယမြောက်ဦးခေတ် (အေဒီ- ၁၆၃၈ မှ အေဒီ ၁၇၈၄)

အချုပ်အခြာအာဏာကျဆုံးပြီး ရခိုင်တစ်မျိုးသားလုံး သူ့ကျွန်ဘ၀ရောက် ရခိုင်ပြည်
(အေဒီ- ၁၇၈၄ မှ ယနေ့အချိန်ထိ)

ဗမာပဒေသရာဇ်ခေတ် (၁၇၈၄ - ၁၈၂၆)
အင်္ဂလိပ်ကိုလိုနီခေတ် (၁၈၂၆ - ၁၉၄၂)
ဖက်ဆစ်ဂျပန်ခေတ် (၁၉၄၂- ၁၉၄၅)
တစ်ဖန် အင်္ဂလိပ်ကိုလိုနီခေတ် (၁၉၄၅- ၁၉၄၈)
ဗမာလူမျိုးကြီးဝါဒီ၊ စစ်အဏာရှင်အစိုးရအဆက်ဆက်နှင့် လက်ရှိအရပ်သားအရေခြုံ စစ်အစိုးရ (၁၉၄၈- ယနေ့ ၂၀၁၂ ခုနှစ်အထိ)

ရခိုင်သမိုင်းတွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ်ဟူ၍ မင်းဆက်ခေတ် (၄) ခေတ်ရှိခဲ့သည်။ မင်းဆက်(၄) ဆက်သည် နှစ်ပေါင်း (၅,ဝဝဝ) ကျော် ကြာမြင့်ခဲ့ပြီး၊ မြန်မာဘုရင်များ လာရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန် (၁၇၈၄) ခုနှစ်အထိ ရခိုင်ပြည်သည် သီးခြားလွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့သည်။ နောက်နှစ်ပေါင်း (၄ဝ) အကြာ၊ (၁၈၂၄) ခုနှစ်တွင် ဗြိတိသျှတို့က ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက်၊ အရှေ့အိန္ဒိယကုမ္ပဏီက ဗြိတိသျှ-အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် အုပ်ချုပ်ခဲ့သည်။ (၁၉၄၂-၄၅) ခုနှစ်အတွင်း ဖက်ဆစ်ဂျပန်ကသိမ်းပိုက်ပြီး၊ နောက်ပိုင်းတွင် ရခိုင် ပြည် နယ်မြေသည် ဒုတိယကမ္ဘာစစ်ပြီးခေတ် ဗြိတိသျှအစိုးရ အုပ်ချုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိတ် အပိုင်း တစ်ရပ် ဖြစ်လာခဲ့သည်။ (၁၉၄၈) ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်သည် ရခိုင်လူမျိုးတို့၏ ကိုယ် ပိုင်ပြဌာန်းခွင့်ရှိရေး သဘောထားဖြင့် နိုင်ငံရေးအရ အဓိပ္ပါယ်ရှိရှိ ပါဝင်ရေး တောင်းဆိုချက်များကို လျစ်လျူရှုကာ၊ စိတ်လို လက်ရ ဖိနှိပ်ခဲ့သော မြန်မာစစ်အစိုးရ အဆက်ဆက်၏ ဗဟိုအုပ်ချုပ်ရေး အောက်သို့ ကျရောက်ခဲ့ရသည်။

ဓညဝတီခေတ်

ရှေးဦးရခိုင်ဘုရင်များသည် ဂင်္ဂါမြစ်ဝှမ်းမှ အင်ဒို-အာရီယန် လူမျိုးနွယ်များဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များက ကဆိုကြသည်။ ပထမဦးဆုံးသော ရခိုင်ဘုရင်သည် ဘီစီ (၃၃၂၅) ခုနှစ်တွင် ပထမ ဓညဝတီမြို့တော်ကို တည်ထောင်ခဲ့သော မာရယုမင်း ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများဆိုကြသည်။ ကံရာဇာကြီးမင်းက ဘီစီ (၅၈ဝ) ခုနှစ်အထိ မင်းနေပြည်တော်အဖြစ် တည်ရှိခဲ့သော ဒုတိယ ဓညဝတီမြို့ကို တည်ထောင်ခဲ့သည်။ တတိယ ဓညဝတီမြို့သည် ရခိုင်ပြည်၏ လက်ရှိမြို့တော် စစ်တွေမြို့၏ မြောက်ဘက် ကီလိုမီတာ (၈ဝ) အကွာတွင် တည်ရှိခဲ့ပြီး၊ ဘီစီ (၅၈ဝ) မှ အေဒီ (၃၂၆) ခုနှစ်အထိ တည်တံ့ခဲ့သည်။ အရှေ့တောင်အာရှ၏ ရှေးအကျဆုံး လူ့ယဉ်ကျေးမှု အချက်အချာ နေရာတစ်ခု ဖြစ်သည်။

ဗုဒ္ဓဂေါတမ ကိုယ်တော်တိုင် ဓညဝတီတိုင်းသို့ ကြွချီတော်မူလာခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓသာသနာတော်ကို ထွန်းကား စေခဲ့သဖြင့် ဗုဒ္ဓဘာသာသည် ရခိုင်နယ်မြေ၏ အဓိကဘာသာတရားအဖြစ် တည်တံ့လျှက်ရှိသည်။ ဤ ကာလအတွင်းမှာ (အေဒီ ၁၅ဝ ခုနှစ် ဝန်းကျင်) ကျော်ကြားသော မဟာမြတ်မုနိ ရုပ်ပွားတော်ကိုလည်း သွန်းလောင်းပူဇော်ခဲ့ကြသည်။

ဝေသာလီခေတ်

ဓည၀တီခေတ် ကုန်ဆုံးသောအခါ၌ ဝေသာလီခေတ် စတင်ခဲ့လေသည်။ ဝေသာလီ ကျောက်လှေကားမြို့နေရာကား မြောက်ဦးမြို့ မြောက်ဖက် ၉ မိုင်ခန့်ဝေးသောအရပ်တွင် တည်ရှိသည်။ ဝေသာလီယဉ်ကျေးမှုသည် အေဒီ ၉ ရာစု (အေဒီ (၃၂၇- ၈၁၈) အထိ ထွန်းကားခဲ့သည်။ ဝေသာလီမြို့ဟောင်း တည်နေရာမှလည်းကောင်း၊ ရခိုင်ပြည်အရပ်ရပ် ဒေသများမှ လည်းကောင်း ယနေ့တိုင်အောင် ဝေသာလီခေတ်သုံးဒင်္ဂါးများ၊ ဝေသာလီခေတ်တွင် ရေးထိုးထားသောကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးနီပြား စသည်တို့ကို ယခုတိုင်တွေ့ရှိနေဆဲပင်ဖြစ်သည်။ ဝေသာလီသည် မြန်မာပြည်ရှိ အခြားသော ယဉ်ကျေးမှုအုပ်စုများက ငွေကြေး အသုံးမပြုမီ နှစ်ပေါင်း (၁,ဝဝဝ)ခန့် နီးပါးကတည်းက ငွေကြေးအသုံးပြုခဲ့သော ပထမဦးဆုံး ရခိုင်ဘုရင့် နိုင်ငံတော်အဖြစ် ထင်ရှားပြီး မြန်မာပြည်တစ်ဝှမ်းလုံးရှိ ရှေးအကျဆုံး မြို့တစ်မြို့လည်းဖြစ်သည်။

ဝေသာလီခေတ်ကို စိုးစံခဲ့သော မင်းများအကြောင်းကို အခိုင်အမာ သက်သေထူလျှက် ယနေ့တိုင်အောင် တည်ရှိနေသော ကျောက်စာမှာ မြို့ဟောင်းမြို့ (မြောက်ဦးမြို့)ရှိ ရှစ်သောင်းဘုရားရင်ပြင်တွင် တံခါးမုခ်တိုင်အဖြစ် စိုက်ထူထားသော အာနန္ဒစန္ဒြားမင်း ကျောက်စာပင်ဖြစ်သည်။ ဝေသာလီဘုရင့်နိုင်ငံတော်မှာ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုး ထွန်းကားခဲ့ပြီး၊ အာရပ်နှင့် ပါရှန်ဘုရင့်နိုင်ငံတော်များအပြင် သည့်ထက်ဝေးလံသည့်တစ်ခြားကမ္ဘာ့တိုင်းပြည်များနှင့်လည်း ကုန်စည်များ ကူးသန်းရောင်းဝယ် တင်ပို့နိုင်ခဲ့သည်။

လေးမြို့ခေတ်

လေးမြို့ခေတ်သည် စမ္ပ၀က်မြို့၊ ပရိန်မြို့၊ ခြိတ်မြို့၊ တောင်ငူနေရဉ္စရာမြို့နှင့် လောင်းကြက်မြို့များဖြင့် လေးမြို့မြစ် တစ်လျှောက်တွင်တည်ဆောက်ပြီး အေဒီ (၈၁၈) မှ (၁၄၃၀) အထိ ထွန်းကားခဲ့သည်။ (၁၄ဝ၆) ခုနှစ်တွင် ထိုစဉ်အခါက မင်းနေပြည်တော်ဖြစ်သော ဒုတိယလောင်းကြက်မြို့ကို မြန်မာတို့က ကျူးကျော်ခဲ့ရာ၊ ရာဇဝင်၌ မင်းစောမွန်သည် ဘင်္ဂလားသို့ ထွက်ပြေးခိုလှုံခဲ့သည်ဟု ဆိုပါသည်။ (၁၄၂၉) ခုနှစ်တွင် ဘင်္ဂလားစော်ဘွား၏ အကူအညီဖြင့် မင်းစောမွန်သည် တပ်တစ်တပ်ကိုကွပ်ကဲလျှက် ရခိုင်သို့ပြန်လာပြီး၊ ရခိုင်တို့၏ အချုပ်အခြာအာဏာကို ပြန်လည် ရယူခဲ့သည်။ ရခိုင်နှင့် ဘင်္ဂလား ဘုရင့်နိုင်ငံတော်တို့၏ ရင်းနှီးသော ဆက်ဆံမှုနှင့် ပတ်သက်၍ အထောက်အထား မရှိ သောကြောင့် ဤဖြစ်ရပ်များနှင့်ပတ်သက်၍ အငြင်းပွားစရာ ဖြစ်ခဲ့သည်။ သေချာသော အချက်ကား ရခိုင်သို့ မင်းစောမွန် ပြန်လာပြီး၊ မကြာခင်မှာပင် မြို့တော်ကို မြောက်ဦးသို့ ပြောင်းရွှေ့ပြီး၊ ရခိုင်သမိုင်း၏ အထွန်းပြောင်ဆုံးခေတ်သို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

မြောက်ဦးခေတ်

Mrauk-U Arakan from Schouten Voyages 1967အေဒီ (၁၄၃ဝ-၁၅၃ဝ) ကာလသည် မြောက်ဦးခေတ်၏ ပထမရွှေခေတ် ဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ မင်းစောမွန် ၏ ညီတော် နရနူသည် (၁၄၃၃) ခုနှစ်တွင် နန်းတက်သည်။ နန်းတက်ပြီး၊ မကြာမီမှာပင် အင်းဝဘုရင် မင်းခေါင်နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ဤသဘောတူညီချက်အရ ဤသဘောတူစာချုပ်အရ ရခိုင်ရိုးမတောင်တန်းအတိုင်း အောက်ဘက် ငဝန်မြစ်၊ ပုသိမ်မြစ်နှင့် ထိုမှတဖန် အောက်ဘက် မုတ္တမပင်လယ်အထိ နှစ်ပြည်ထောင်ကို ပိုင်းခြားခဲ့ပြီး၊ ဟိုင်းကြီးကျွန်း၊ ဘုရားအငူ၊ နဂရီအငူတို့ကိုလည်း ရခိုင်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ဗြိတိသျှ ကိုလိုနီခေတ်တိုင်အောင်ပင် တည်တံ့ခဲ့သည်။

မြောက်ဦးခေတ်၏ ဒုတိယရွှေခေတ်သည် အေဒီ (၁၅၃ဝ) မှ (၁၆၂ဝ) ခုနှစ်အထိ ကြာခဲ့သည်။ (၁၆) ရာစု အစောပိုင်း၊ အင်္ဂလန်နိုင်ငံတွင် အဋ္ဌမမြောက် ဟင်နရီဘုရင်၏ ဘိသိက်ခံပွဲကာလတွင် ရခိုင်ဘုရင်မင်းဗာကြီး အုပ်စိုးသော ရခိုင်အင်ပါယာနိုင်ငံတော်သည် စည်ပင်ဝပြောခဲ့သည်။ ရခိုင်သည် ခေတ်မီတပ်မတော်နှင့် ခေတ်မီကူးသန်းရောင်းဝယ်ရေး ကွန်ရက်ကြောင့် ကျော်ကြားခဲ့သည်။ ဤတပ်မတော်နှင့် ကူးသန်းရောင်းဝယ်ရေး ကွန်ရက်တို့သည် ကမ္ဘာတစ်လွှားသို့ ပေါက်ရောက်ခဲ့ပြီး၊ ပေါ်တူဂီနှင့် နယ်သာလန်နိုင်ငံတို့ အထိပင် ခြေဆန့်နိုင်ခဲ့သည်။ ထိုခေတ် မြောက်ဦးတိုင်းနိုင်ငံသည် သံတမန်ဆက်ဆံရေးကိုလည်း အလားတူပင် ကမ္ဘာအနှံ့ဖြန့်ကျက်နိုင်ခဲ့ပြီး အထူးသဖြင့် အိန္ဒိယ၊ သီဟိုဠ် (သီရိလင်္ကာ)၊ မြန်မာ၊ မွန်၊ ဆိုင်းယမ်း (ထိုင်းနိုင်ငံ)၊ အင်ဒိုနီးရှား၊ ဂျာဗား၊ ဂျပန်၊ အနောက်နိုင်ငံများနှင့် သံတမန် ဆက်ဆံနိုင်ခဲ့သည်။

မြောက်ဦးခေတ်တွင် ခေတ်သစ် ဘင်္ဂလားဒေ့ရှ်နှင့် အနောက်ဘင်္ဂလားပြည်၏ နယ်မြေများအတွက် ရခိုင်ဘုရင်များ၊ မဂို ဧကရာဇ်များ၊ အာဖဂန်ဘုရင်များနှင့် ဘင်္ဂလားစော်ဘွားများ တစ်ဦးနှင့်တစ်ဦး အငြင်းပွားခဲ့ကြသည်။ ထိုအချိန်က စစ်တကောင်းမြို့သည် ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကအချက်အချာကျသော မြို့တစ်မြို့ပင်ဖြစ်သည်။ ဤအငြင်းပွားမှုများ ပတ်သက်၍ အသေးစိတ် အချက်အလက်များ ကျန်ရစ်ခြင်းမရှိခဲ့ချေ။ သိသာထင်ရှားသော အချက်ကား မင်းဘာဘုရင် (၁၅၃၁-၁၅၅၃) လက်ထက်တွင် ရခိုင်နယ်မြေအတွင်းသို့ အလျှင်အမြန်တိုး၍ ဝင်ရောက် လာသော (ထို့အပြင် သြဇာအာဏာ တိုး၍ ဖြန့်ကျက်လာသော) ပေါ်တူဂီတို့နှင့် ရင်းနှီးသော ဆက်ဆံရေးကို တည် ဆောက်ခဲ့ခြင်းပင် ဖြစ်သည်။ ဤဆက်ဆံရေးကြောင့် ရခိုင်၏ ကြည်းတပ်နှင့် ရေတပ်သည် အင်အားကြီးထွားလာခဲ့ကာ၊ ထို ကြည်းတပ်၊ ရေတပ်တို့ဖြင့် နယ်မြေဒေသတွင်းရှိ ထီးပြိုင်နန်းပြိုင်ဘုရင်များကို သြဇာသက်ရောက်စေခဲ့ပြီး၊ စစ်တကောင်းကိုလည်း သိမ်း ပိုက်နိုင်ခဲ့သည်။

ရခိုင်သမိုင်းပညာရှင်များ၏ အဆိုအရ၊ (၁၅၃၂) ခုနှစ်အရောက်တွင် ရခိုင်ပြည် နယ်နိမိတ်သည် ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ် နယ်မြေ တစ်ခုလုံးကို ဖြတ်လျှက်၊ အိန္ဒိယနိုင်ငံ၏ အနောက်ဘင်္ဂလားနယ်ရှိ ကာလကတ္တားအထိ ကျယ်ပြန့်ခဲ့သည်။ ၁၇ ရာစုအရောက်တွင် ရခိုင့် ဘုရင့်နိုင်ငံတော်သည် မဂိုအင်ပါယာနှင့် နယ်စပ်တင်းမာမှုများဖြစ်ကာ စစ်မက်ဖြစ်ပွားသည့် အဆင့်သို့ရောက်ရှိပြီး ရခိုင့်အင်ပါယာကြီးမှာလည်း ယိမ်းယိုင်စ ပြုလာခဲ့သည်။ အရှေ့ဘင်္ဂလားပြည်၏ နယ်မြေအများစုမှာ မဂိုဘုရင် လက်အောက်သို့ လုံးဝကျရောက်သွားခဲ့ပြီး ၄င်းနှင့် မရှေးမနှောင်းမှာပင် အင်းဝမင်း တန်ခိုးကြီးလာသဖြင့် ရခိုင်ပြည်၏ နယ်နိမိတ်များဖြစ်သော ပဲခူးနှင့် ယခုမြန်မာနိုင်ငံအောက်ပိုင်းနယ်မြေများကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။

၁၇၈၀ နောက်ပိုင်းတွင် ရခိုင့်နန်းတွင်းရေး ရှုပ်ထွေးမှုများကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲကာ နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပွားလာခဲ့ပြီး တိုင်းပြည်အုပ်ချုပ်မှု စနစ်ပျက်ပြားလာခဲ့သည်။ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း ဦးစီးသော ဗမာ့တပ်မတော်သည် ထိုအချိန်ကို အခွင့်ကောင်း ယူ၍ ၁၇၈၄ စက်တင်ဘာလတွင် စစ်ကြောငြာခြင်းမပြုဘဲ ရခိုင့်နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အခြာအာဏာ တစ်ခုလုံး လုံးဝ ဆိတ်သုဉ်းခဲ့ရလေသည်။