ရခိုင်လူမျိုးများတွင် စာပေ၊ ဂီတ၊ အက၊ ဘာသာရေး၊ ယဉ်ကျေးမှု အဆောက်အအုံတို့မှာ ထူးခြားထင်ရှားပြီး၊ ကြွယ်ဝ စုံလင်လှသည်။ အေဒီ ပထမရာစုနှစ်ကတည်းက ရှိခဲ့သော ရှေးဟောင်းစာပေ အထောက်အထားများကို ရခိုင်နယ်မြေ အတွင်းမှာ ယခုတိုင်တွေ့ရှိနိုင်ပါသည်။ ရက္ခဝဏ္ဏ (ရခိုင်အက္ခရာ)သည် အိန္ဒိယမြောက်ပိုင်းမှ ဗြမ္မီဘာသာစကားမှနေ၍ ဆင်းသက်လာခဲ့သည်ဟု သမိုင်းသုတေသီများ၏ လေ့လာချက်များအရ တွေ့ရှိရသည်။
ရခိုင်လူမျိုးများသည် ရှေးအစဉ်အလာကတည်းကပင် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည့်အလျောက် ရခိုင်လူမျိုးများ၏ ၁၀၀ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဘီစီ (၆) ရာစုနှစ်အတွင်း၊ စန္ဒသူရိယမင်း လက်ထက်တွင် ရခိုင်ပြည်သို့ ဂေါတမဗုဒ္ဓ ကြွချီတော်မူလာပြီးကတည်းကပင် ဗုဒ္ဓဘာသာ၏ အဆုံးအမတရားတော်များကို ရခိုင်တို့ လေ့လာကျက်မှတ်ခဲ့သည်။ ယနေ့ ရခိုင်ပြည်နယ်၌ အထူးသဖြင့် ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦးမြို့၌ ရှေးဟောင်း ရုပ်ပွားတော်များ၊ တန်ဆောင်းများ၊ စေတီပုထိုးများကို လက်ညှိုးထိုးမလွဲ တွေ့ရှိနိုင်ပေသည်။
ဤရှေးဟောင်းလက်ရာများအနက် အထင်ရှားဆုံးလက်ရာကား ယခု မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးမြို့မှာ ရှိနေသော မဟာမုနိ ဗုဒ္ဓရုပ်ပွားတော်ပင် ဖြစ်သည်။ ဤဗုဒ္ဓရုပ်ပွားတော်ကို (၁၇၈၄) ခုနှစ်တွင် ဘိုးတော်ဘုရားမင်းက စစ်အနိုင်ရ၍ လုယူပင့်ဆောင်သွားခဲ့သော ပစ္စည်းများထဲတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ဤရုပ်ပွားတော်သည် ဉာဏ်တော် (၄) မီတာ ရှိပြီး၊ ကြေးဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။ အလေးချိန် (၆. ၅) တန် ရှိသည်။ ရှေးဟောင်းသုတေသနပညာရှင်များ၏ အဆိုအရ ဤရုပ်ပွားတော်ကို ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီး၊ နှစ်ပေါင်း (၆ဝဝ) ခန့်အကြာ၊ အေဒီ (၁၄၆) ခုနှစ်တွင် နန်းတက်သော စန္ဒသူရိယမင်းလက်ထက်တွင် သွန်းလုပ်ခဲ့ခြင်း သမိုင်းအထောက်အထားများအရ တွေ့ရသည်။
Please consider supporting our efforts.
02 September 2012 - 7796 Views
02 September 2012 - 4947 Views